ကြွက်သားဖျားနာတယ်ဆိုတာ ဘယ်လို ကျန်းမာရေးပြဿနာမျိုးလဲ
လေ့ကျင့်ခန်းအပြင်းစားတွေနဲ့ အသားမကျသေးတဲ့အခါ လေ့ကျင့်ခန်းအပြီး အချိန်အတန်ကြာမှာ ကြွက်သားများ နာကျင်ကိုက်ခဲတောင့်တင်းလာခြင်းကို Delayed Onset Muscle Soreness (DOMS) ဖြစ်တယ်လို့ ပြောတတ်ကြပါတယ်။ ကြွက်သားများ ဖျားနာခြင်း (Muscle Fever) လို့လည်း တင်စားခေါ်ဆိုပါတယ်။
DOMS ဖြစ်ခြင်းဟာ ကြွက်သားတွေ ယာယီပျက်စီး ယောင်ယမ်းခြင်းကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။ DOMS ဟာ ကြွက်သားတွေ ဒဏ်ဖြစ်ပြီး ၁၂ နာရီကနေ ၂၄ နာရီအတွင်းမှာ ဘာမှမဖြစ်သေးဘဲ ၂၄ နာရီကနေ ၇၂ နာရီခန့်အထိ ကြာမြင့်ပြီးမှ နာကျင်ကိုက်ခဲမှု ဆိုးဝါးလာတတ်တာပါ။
တကယ်တော့ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ DOMS ဖြစ်ပေါ်ခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာရပ်လို့ ဆိုနိုင်ပါတယ်။ ကြွက်သားတွေ ပိုမိုသန်မာလာတဲ့ အနေအထားကို ကုစားနေခြင်းသာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လေ့ကျင့်ခန်းလုပ်ဆောင်ခဲ့ခြင်းက မိမိခန္ဓာကိုယ်ကို ပြောင်းလဲဖို့အတွက် ကောင်းစွာ အကျိုးသက်ရောက်နေခြင်း ဖြစ်ပါတယ်။
ထိုနည်းတူစွာ ပြန်လည်သန်စွမ်းခြင်းအတွက် လေ့ကျင့်ရတဲ့ လူနာများ၌လည်း လေ့ကျင့်ခန်းအပြီး DOMS ကို ပထမဆုံးအကြိမ်ခံစားရခြင်းသည် ပြင်းထန်သည့်အတွက် ဆက်လက်လေ့ကျင့်ဖို့ ငြင်းဆန်သည်အထိ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် လေ့ကျင့်ပေးသူများသည် DOMS သည် လေ့ကျင့်မှုဒဏ်ကြောင့် ကြွက်သားများ အဆစ်လွဲခြင်းနဲ့ ကွဲပြားကြောင်း လူနာအား သေချာရှင်းပြကာ ဆက်လုပ်ဖို့ တိုက်တွန်းအားပေးတတ်ကြပါတယ်။
ကုစားမှုနည်းလမ်းများ
၁) Active recovery
ပြင်းထန်သောလေ့ကျင့်ခန်းများအား ရက်ဆက်တိုက်မလုပ်ဘဲ ကြားထဲမှာ ပျော့သော လေ့ကျင့်ခန်းများနဲ့ တွဲလုပ်ခြင်းနည်းလမ်း ဖြစ်ပါတယ်။ ပင်ပန်းထားတဲ့ကြွက်သားများအား သွေးရောက်ရှိမှု များစေခြင်းဖြင့် ယောင်ယမ်းနာကျင်ကိုက်ခဲမှုကိုသက်သာစေပါတယ်။
၂) ရေခဲကပ်ခြင်း
နာကျင်တဲ့နေရာကို တစ်ခါကပ်လျှင် ၁၀-၂၀မိနစ်ကြာအောင် ကပ်ပါ။ တစ်နေ့ကို သုံးလေးကြိမ် ပြုလုပ်ပေးပါ။
၃) အကိုက်အခဲပျောက်ဆေးများ
အကိုက်အခဲပျောက်ဆေးတွေကို သင့်လျော်ရုံပမာဏ မှီဝဲခြင်းဖြင့်လည်း သက်သာအောင် ကုစားလို့ရပါတယ်။
၄) RICE method
အနားပေးပါ။ ရေခဲကပ်ပါ။ နှိပ်နယ်ပေးပါ။ နာကျင်တဲ့အစိတ်အပိုင်းကို မကြာခန မြှောက်တင်၊ မတင်ပေးခြင်းဖြင့်လည်း သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။
DOMS သည် လေ့ကျင့်ခန်းအပြီး ၂၄-၇၂နာရီအတွင်း ခံစားရတတ်ပြီး ခန့်မှန်းချေ တစ်ပတ်ကြာလျှင် ပျောက်သွားတတ်ပါတယ်။ တစ်ပတ်ကျော်ကြာတဲ့အထိမှာ ကြွက်သားများ နာကျင်နေဆဲဖြစ်လျှင်၊ ယောင်ယမ်းနီမြန်းလျှင်၊ အထက်ပါနည်းလမ်းများနှင့် မသက်သာလျှင် အရိုးအကြောအဆစ်အထူးကုများနဲ့ ပြသဖို့၊ ဆွေးနွေးကုသမှုခံဖို့ အကြံပြုအပ်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်